Monday, October 6, 2008

မွေးနေ့ပွဲလေးတစ်ခု (သို့) Taunggyi 114th Anniversary

                  ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့ရဲ့ မြို့တည်နှစ် (၁၁၄)နှစ်မြောက် မွေးနေ့ပွဲလေးကို ခြင်္သေ့ကျွန်းလေးမှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပြီ။ မြို့တည်တဲ့ မွေးနေ့က စက်တင်ဘာ(၁၅)ရက်နေ့ ဖြစ်သော်လည်း အခြေအနေအရ ရက်အနည်းငယ် နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့ပေမဲ့ တောင်ကြီးမိသားစု(စင်္ကာပူ)ရဲ့ကြိုးပမ်းမှုနဲ့ မနေ့က(၀၅.၁၀.၂၀၀၈)မှာပြီးသွားခဲ့တာပါ။ဒီပွဲလေးဟာစင်္ကာပူရောက် တောင်ကြီး သူ၊ တောင်ကြီးသားတို့ရဲ့ သမိုင်းမှတ်တမ်းဝင်မဲ့ အောင်မြင်မှုပန်းတိုင်တစ်ခု လို့ပြောရင်လည်း မှားမယ် မထင်ဘူး။ မွေးရပ်မြေကို ချစ်ခင်ခြင်းနဲ့ စည်းလုံးညီညွတ်ခြင်း ကိုပြသနိုင်ခဲ့တာလို့လည်း ပြောလို့ရတယ်။
                 ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂)ပေ၊ဧရိယာအကျယ်အဝန်း (၄၂၀.၈၄) စတုရန်းမိုင်၊ အရှေ့အနောက် အကျယ်ဆုံးမိုင် ၂၀၊ တောင်မြောက် အကျယ်ဆုံး ၂၉မိုင်ရှိတဲ့ ဒယ်အိုးပုံ တောင်ကလပ် မြို့လေးဟာ ဗြိတိသျှကိုလိုနီလက်ထက် လွန်ခဲ့တဲ့ (၁၁၄)နှစ်ကတည်းက စတင်အခြေပြုခဲ့တာပါ။ မူလ ရှမ်းဘာသာ "တွံတီး" ကနေပြောင်းလဲလာတဲ့ တောင်ကြီးမြို့ဆိုတာ ယနေ့အားလုံးသိကြတဲ့ ချစ်စရာဒီမြို့ လေးပေါ့။ ရာသီဥတုအေးမြခြင်း၊ သန့်ရှင်းသပ်ရပ်ခြင်း၊ တောင်ကြီးသူ၊ တောင်ကြီးသားတို့ရဲ့ပွင့်လင်းရိုးသား ဖော်ရွေခြင်း၊ ပြိုင်စံမရှိရိုးရာမီးပုံးပျံပွဲတော်ရှိခြင်း၊ ပတ်ဝန်းကျင်လည်ပတ်စရာ အင်းလေး၊ ပင်းဒယ၊ မွေ တော်ကက္ကူဘုရားများရှိခြင်း စတဲ့အချက်တွေက မြို့ရဲ့ဂုဏ်ပုဒ်ကို ဖော်ကျူးနေတယ်လို့ ကျွန်တော် အတတ်ပြောရဲပါတယ်။
                 လွန်ခဲ့တဲ့နေ့တစ်နေ့က တောင်ကြီးချယ်ရီမြေ မှာ Taunggyi 114th Anniversary Live Concert in Singapore ဆိုတဲ့ပို့စ်လေး ဖတ်လိုက်ရတော့ သွားမှာပေါ့လို့ စိတ်ထဲ တွေးနေတုန်း သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်လာတယ်။ ဘာမပြော၊ ညာမပြောနဲ့ သူက "သွားမလားတဲ့" တုံးတိကြီး မေးတယ်။
ကျွန်တော်လည်း ဘာမပြော၊ ညာမပြောနဲ့ "သွားမှာပေါ့" လို့တုံးတိကြီး ပြန်ဖြေလိုက်တယ်။ အင်း....ကိုယ့် မွေးရပ်မြေကို ချစ်ပုံများ တိုင်ပင်စရာကို မလိုဘူး။ ဒါနဲ့ဘဲ သူငယ်ချင်းတစ်ဖွဲ့လုံးစာ လက်မှတ်တွေဝယ်ပြီး ပွဲမစခင် ကတည်းက ရွစိရွစိ ဖြစ်နေကြတာ။ မနေ့က ပွဲရက် (၀၅.၁၀.၂၀၀၈)လဲရောက်ရော ကျွန်တော်တို့ အဖွဲ့Live Concert ကျင်းပရာ NTUC Business Center,Marina Boulevard ကိုတက်တက်ကြွကြွချီ တက်ခဲ့ကြတယ်။ Raffles Place MRT Station ရောက်တယ်ဆိုတာနဲ့ "တွေ့ကြပါပြီ ရွာကအမျိုးတွေ" ဆိုသလို မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေရော၊ စင်္ကာပူရောက် နေမှန်းတောင် မသိတဲ့ သူငယ်ချင်း တွေရော ဆုံဖြစ်တော့ဘာပြောကောင်းမလဲ ဝမ်းသာအားရနဲ့ပေါ့ဗျာ။ အလုပ်အကိုင်အဆင်ပြေလား၊ ဝလို့လှလို့ပါလားစသည်ဖြင့် ဖက်လဲတကင်း လိုက်နှုတ်ဆက်ရတာ တကယ့်ကိုပျော်စရာကြီးပါပဲ။ လုပ်ငန်းသဘာဝမတူလို့ ကွဲပြားတဲ့ အတွေ့အကြုံတွေပြောဆိုဖလှယ်နေကြပေမဲ့ တူညီတဲ့အချက်ကတော့ အိမ်လွမ်းတယ်ဆိုတာပေါ့။
                  သူငယ်ချင်းတွေ ပြောစရာမကုန်သေးပေမဲ့ ပွဲက (၆:၃၀) စမှာဆိုတော့ ဝင်ကြမယ်ဆိုပြီး ပွဲပြု လုပ်မဲ့ NTUC Business Center,Level 7 ကို Glass Lift နဲ့တက်ခဲ့ကြတယ်။ အဝင်ဝမှာတော့ တောင်ကြီး က(ပင်စိမ်းသီးပိုးထိုး....အဲလေ...ယောင်လို့) လှပျိုဖြူတစ်ချို့ စားပွဲလေးနဲ့ Taunggyi Family(Singapore) လို့ရေးထားတဲ့ အမှတ်တရ ရင်ထိုးတံဆိပ်လေးတွေ၊ အင်္ကျီလေးတွေရောင်းနေတယ်။အဲဒီ ပင်စိမ်းသီးပလိုင်း ထဲမှာပါတဲ့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က အားပေးပါဦးဆိုလို့ အမှတ်တရ ရင်ထိုးတံဆိပ်လေး ဝယ်ဖြစ်ခဲ့တယ်။
                                                       ရင်ထိုးတံဆိပ်လေး                                  လိုဂိုလှလှလေး
                 
                  အထဲကိုရောက်တော့ အချိန်က ညနေ ၆:၃၀ နာ၇ီ။ ကိုယ့်လက်မှတ်ပေါ်က သတ်မှတ်ထားတဲ့ နေရာတွေမှာနေရာယူကြ၊ စင်ပေါ်မှာပြင်ဆင်တာစောင့်ရင်း နည်းနည်းကြာသွားတယ်။ ၇:၀၀ နာရီ ထိုးတော့ တောင်ကြီးသူမမတစ်ယောက် စင်ပေါ်တက်လာပြီး "မင်္ဂလာပါ" လို့နှုတ်ဆက် လိုက်တော့ ပွဲက စပါပြီ။ ပွဲဖြစ်မြောက်လာအောင် တောင်ကြီးမိသားစု(စင်္ကာပူ) ကကြိုးစားခဲပုံအကြောင်း၊ တောင်ကြီးမြို့ဖြစ် ပေါ်လာပုံ သမိုင်းကြောင်း တို့ကို ရှင်းပြပါတယ်။ ဆက်ပြီးတောင်ကြီးသူမမကပဲ တီးဝိုင်းတီးခတ်မဲ့သူများ၊ သီဆိုဖျော်ဖြေမဲ့သူများ ကိုတစ်ယောက်ချင်း မိတ်ဆက် ပေးပါတယ်။ တောင်ကြီးမြို့ရဲ့  ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၄၇၁၂) ပေ မှာတည်ရှိတာကို အစွဲပြုပြီး တီးခတ်မဲ့ Music Band ရဲ့အမည်ကို Symphony  4712  လို့ ပေးထာတာလို့လည်း သိရပါတယ်။
                                  
                   Singer : Bo Phyu , Han Tun , Maung Maung Zaw Latt , A Sai (Black Hole)

                   Band   : Symphony 4712
                   Guitar : Sai Kham kaung , Khun Shwe Phyo
                   Bass   : Zaw Moe Lwin
                   Drum : Phey Thein
                   KeyBoards : Aung Zayar Lwin

ဒီနေရာလေးထဲမှာ
ကိုဟန်ထွန်း
ကိုဘိုဖြူ
ကိုအစိုင်း
ကိုမောင်မောင်ဇော်လတ်
ဒီလို တပျော်တပါး ကကြခုန်ကြ
   
                  စင်ပေါ်က အဆိုတော်တွေက အားကြိုးမာန်တက် ဖျော်ဖြေသွားကြသလို၊ အောက်က ပရိတ် သတ်တွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်ဆို ကခုန်ရင်း လက်ခုပ်သံတွေလည်း မစဲပါဘူး။ ကိုယ့်မွေးရပ် တောင်ပေါ်မြေကို ရောက်နေသလိုပါပဲ။ မြေနီလမ်းတွေကို နင်းခဲ့တဲ့ခြေထောက်တွေက ရပ်ဝေးမြေခြားကို ရောက်နေလည်း ချစ်ခင်ညီညွတ်ဆဲ ဆိုတာဒီပွဲလေးက ပြောပြနေတယ်။ တကယ်ပါ ပျော်ပျော်ရွှင်ရွှင် နဲ့ ကခုန်တာတဖက် မွေးရပ်တောင်ပေါ်မြေကို သတိရမိတာတဖက်နဲ့ မျက်ရည်တောင်လည်မိတယ်။
                ဒီပွဲလေးဖြစ်မြောက်အောင် စီစဉ်ပေးခဲ့တဲ့ တောင်ကြီးမိသားစု(စင်္ကာပူ) ကိုကျေးဇူးတင်ရှိ ကြောင်းနဲ့ နောက်နှစ်တွေမှာလည်း ယခုထက် ပိုမိုပြည့်စုံတဲ့အစီအစဉ်များ ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

4 comments:

Anonymous said...

we are waiting the 115 years Birthday ceremony of Taunggyi in Singapore

Anonymous said...

Thanks for everything... It was an incredible show....

Anonymous said...

Thanks for everything... It was an incredible show....

Kaung Kin Ko said...

တောင်ကြီးကို သတိရတယ်ဗျာ။ အမှတ်တစ် ကျောင်းက ဘောလုံးကွင်းထဲမှာ အင်ပါယာ လာတုန်းက စတိတ်ရှိုးကြည့်ဖူးတာကို အမှတ်ရတယ်။